ငဖဲမြို့ချင်းစုရပ်တွင် မေမြို့ (ချင်းမိုင်) ပန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငဖဲ ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့မရပ်ကွက် ချင်းစုရပ်သည် မန်းချောင်းနံဘေးတွင်တည်ရှိပြီး အရှေ့ဘက်ကိုင်းမြေနှင့် လယ်မြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချအပြီး မေမြို့ (ချင်းမိုင်) ပန်းများ စိုက်ပျိုးရောင်းချရာ အောင်မြင်ဖြစ်ထွန်း၍ မိသားစုပုံမှန်ဝင်ငွေ ရရှိနေကြောင်း ပန်းစိုက်တောင်သူ ဒေါ်သင်းခိုင်ထံမှ သိရသည်။

ယခုနှစ် မိုးစပါးများရိတ်သိမ်းခြွေလှေ့အပြီး မိမိ၏လယ်မြေတစ်ဧကတွင်ဆောင်းရာသီ စားဖိုဆောင်ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရောင်းချပြီးမေမြို့ (ချင်းမိုင်)ပန်းများကို ဆက်လက်စိုက်ပျိုးထားရှိကြောင်း၊ ယခင်နှစ်က ပန်းမျိုးစေ့များကို ချန်ထားပြီး တစ်လခန့်ပျိုးကာ ပျိုးပင်များကို ပင်ကြား ၁၈ လက်မ၊တန်းကြား ၂၄ လက်မထားပြီးမြေချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး တစ်လသားအတွင်း အဖူးမဝင်ခင် ယူရီးယား နှင့်သဘာဝဓါတ်မြေသြဇာ ထည့်သွင်းပေးရပြီး ပုံမှန်ရေသွင်းပေးရကြောင်း၊ ပိုးမွှားရောဂါကာကွယ်ရန်အတွက် ရွက်ဖြန်းအားဆေး ဖြန်းပေးရကြောင်း၊ မေမြို့ပန်းတစ်ပင်လျှင် ငွေကျပ် ၃၅၀ ခန့်ဖြင့် နေ့စဥ် ငဖဲမြို့မစျေးတွင်ငွေကျပ် နှစ်သောင်းဖိုးခန့်ရောင်းချရလို့ အဆင်ပြေကြောင်း၊ လယ်မြေတစ်ဧကတွင် ဆောင်းသီးနှံဟင်းသီးဟင်း ရွက်များနှင့် မေမြို့ (ချင်းမိုင်) ပန်းများ စိုက် ပျိုးရောင်းချအပြီးတွင် မိုးသီးနှံများ ဆက်လက် စိုက်ပျိုးရောင်းချသွားမည်ဖြစ်ကြောင်း ငဖဲမြို့ ချင်းစုရပ်မှ တောင် သူ ဒေါ်သင်းခိုင်က ပြောကြားသည်။

ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းတစ်လျှောက် ကျေးရွာများတွင် မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြုကာ လယ်မြေကိုင်းမြေများတွင် မေမြို့ (ချင်းမိုင်)ပန်း၊ သစ္စာပန်းနှင့် ဂန္ဓမာပန်းများကို ၇ ဧက ခန့် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)