မကွေး ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မကွေးမြို့ သီတာရုံ သီလရှင်ပညာရေးကျောင်း၌ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ မကွေးမြို့ သီတာရုံ သီလရှင်ပညာရေးကျောင်း ကျောင်းအုပ် ဒေါ်ကလျာဏီနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၏ ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး သီတာရုံ သီလရှင်ပညာရေးကျောင်း ကျောင်းအုပ် ဒေါ်ကလျာဏီအမှူးပြုသော သီလရှင်ဆရာလေးများ ရွတ်ဖတ်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို တက်ရောက်သည့် ဧည့်ပရိသတ်များက နာယူကြည်ညိုကြသည်။
ထို့နောက် သီတာရုံ သီလရှင် ပညာရေးကျောင်းအတွက် ဆန်၊ ဆီ၊ ဆား၊ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ၊ စာရေးကိရိယာများနှင့် စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် တာဝန်ရှိသူများက ဆပ်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် သီတာရုံ သီလရှင်ပညာရေးကျောင်းမှ သီလရှင် ဆရာလေးများ၊ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)