မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မင်းဘူးမြို့နယ် စကုမြို့၌ မြို့ပြသန့်ရှင်းသာယာရေးအတွက် ရေစီးရေလာကောင်းမွန်ရေး ကျောက်စီရေနုတ်မြောင်း တည်ဆောက်နေမှုလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်းဘူး ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများလိုက်ပါ၍ ယမန်နေ့မွန်းတည့် ၁၂ နာရီက စကုမြို့၌ မြို့ပြသန့်ရှင်းသာယာရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် ကျောက်စီရေနုတ်မြောင်း တည်ဆောက်နေမှုလုပ်ငန်းခွင်အား လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အင်ဂျင်နီယာမှူး ဦးထွန်းကိုကိုနှင့် ဝန်ထမ်းများ၊ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်အတူ စကုမြို့၌ မြို့ပြသန့်ရှင်းသာယာရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဌာနငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျောက်စီရေနုတ်မြောင်း တည်ဆောက်နေမှုလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက မြို့ပြသန့်ရှင်းသာယာရေးနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ မိုးရာသီကာလ ရေကြီးရေလျှံမှုအန္တရာယ် မဖြစ်ပေါ်စေရေး လုပ်ငန်းအရည်အသွေးပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စကုမြို့အား မြို့ပြအင်္ဂါရပ်နှင့် သန့်ရှင်းသာယာလှပစေရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ‌ကျောက်စီရေနုတ်မြောင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ အရှည်ပေ ၁၃၀၀ ခန့်ရှိပြီး အကျယ်အဝန်း (၇ပေ + ၅ပေ)၊ အနက်(၂×၅ပေ) ကျောက်စီရေနုတ်မြောင်းအဖြစ် ဌာန၏ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၁၇ သန်းဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇  ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြောင်း သိရပြီး ယနေ့တွင် လုပ်ငန်းပြီးစီးမှု ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ယခုလ ၂၉ ရက်နေ့ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကျောက်စီရေနုတ်မြောင်း တည်ဆောက်ပြီးစီးပါက မြို့ပေါ်ရပ်ကွက်နေပြည်သူများ မိုးရာသီကာလ ရေကြီးရေလျှံမှုအန္တရာယ် ကင်းဝေးစေမည့်အပြင် မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အင်ဂျင်နီယာမှူး ဦးထွန်းကိုကိုထံက သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)