ပုသိမ်မြို့တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ ဆန်၊ စားသုံးဆီ၊ ကြက်ဥနှင့် တိုင်းရင်းဆေးဝါးများကို စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး

ပုသိမ် ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ ဆန်၊ စားသုံးဆီ၊ ကြက်ဥနှင့် တိုင်းရင်းဆေးဝါးများ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းများ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့နှင့် ပြည်သူ့ဆေးရုံကိုးထပ်ဆောင်တို့၌ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အာဟာရကျွေးမွေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ တိုင်းရင်းဆေးဝါးများဖြင့်ကုသပေးခြင်း၊ ဆန်၊ စားသုံး ဆီ၊ ကြက်ဥနှင့် တိုင်းရင်းဆေးဝါးများကို စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းများအား ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ပြီး ဆေးကုသရန်လိုအပ်သည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်တွင် အခမဲ့ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းပင်စားများ ပင်စင်ငွေထုတ်ယူမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အာဟာရ ကျွေးမွေးခြင်းနှင့်ဆန်၊ စားသုံးဆီနှင့်ကြက်ဥများကိုစျေးနှုန်းသက်သာစွာရောင်းချပေးနေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

မြင့်ဟန် (ပြန်/ဆက်)