ဘုရားသုံးဆူမြို့တွင် ရွေးကောက်ပွဲဆိုင်ရာအထူးရဲ သင်တန်းဆင်းပွဲ ကျင်းပ

ဘုရားသုံးဆူ အောက်တိုဘာ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၇ နာရီ အချိန်က တောင်းဝိုင်းကျောင်းတိုက်၌ ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက အမှာစကားပြောကြားပြီး စခန်းမှူး ရဲအုပ်ဝဏ္ဏထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ (၄)ပတ်ကြာ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းသား(၂၄)ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတာဝန်ကျရာ မဲရုံများတွင် သွားရောက်တာဝန်ထမ်း ဆောင်ကြမည်ဖြစ်ပြီး ဘုရားသုံးဆူမြို့ နယ်အနေဖြင့် မဲရုံစုစုပေါင်း(၁၉)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

စောရဲဝင်းထွဋ် ( ပြန်/ဆက်)