ပလောက်မြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေးစည်းရုံးဆွေးနွေး

ပလောက် ဇန်နဝါရီ   ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကော်ဖီတိုးချဲ့စိုက်ပျိုးလာစေရန်အတွက် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေးစည်းရုံးဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပလောက်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် လျာထားဧက (၂၆၄)ဧကရှိကာ လျာထားပျိုးပင်ပေါင်း (၁၁၄၀၀၀)ပင်အား ပျိုးထောင်ထားရှိပြီး ၂၀၂၄ခုနှစ်၊ ဇွန်လအတွင်း တောင်သူများအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်နည်းနှင့် ကိုကိုးစိုက်ပျိုးထုတ်လုပ်နည်းစနစ်များနှင့် ဈေးကွက်သို့ချိတ်ဆက်ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ဆက်လက်ပြီး ပလောက်မြို့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးသက်လွင်မှ မြေလွတ်မြေရိုင်းများအား လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထားရမည့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်း၍ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်