မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် မဲရုံလုံခြုံရေး အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မင်းဘူး  အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေး အထူးရဲ သင်တန်းဆင်းပွဲအခမ်းအနားကို (အောက်တိုဘာ ၂၈) ရက် ယနေ့နံနက် ၉ နာရီခွဲ အချိန်က မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း ဦးဩဘာသခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆင်းတန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီး လှိုင်တင့်၊ မကွေးတိုင်း အကူ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ဝင်းဆွေ၊ ခရိုင်ရဲတပ်ဖွဲ့မှူ ယာယီ ဒုရဲမှူးကြီး စိုးမင်းသန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကြည်မြင့်၊ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ အထူးရဲသင်တန်း သား (၁၇၁)ဦးတို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီး လှိုင်တင့်က သင်တန်းဆင်း အမှာ စကား ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို ဆောင်ရွက်ပြီး လိုက်နာရမည့် ဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ တာဝန်နှင့် စည်းမျဉ်းစည်းကမ်းချက်များကို အထူးအလေးထားလိုက်နာ ဆောင်ရွက်ကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာ မဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် မှာကြားခဲ့သည်။ 

မင်းဘူး(စကု)မြို့နယ်တွင် မဲရုံပေါင်း (၁၇၁)ရုံ ရှိပြီး အထူးရဲ (၁၇၁) ဦး ခန့်အပ်ကာ အောက်တိုဘာ (၁)ရက်နေ့မှ (၂၈) ရက်နေ့အထိ (၄)ပတ်ကြာ သင်တန်းပို့ချ ပေးခဲ့ခြင်းဖြစ်သည်။ အထူးရဲတပ်ဖွဲ့ဝင်များက အောက်တို့ဘာ (၂၉) ရက်နေ့မှ စတင်ကာ နိုဝင်ဘာလ (၈) ရက်နေ့အထိ မဲရုံ လုံခြုံရေးတာဝန်များကို ထမ်းဆောင် သွားရမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)