ကြံခင်း ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေး ဘဏ်တွင် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာတို့မှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ကြံခင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူကြရာ၌ အာဟာရကျွေးမွေးခြင်းများနှင့် အခြေခံစားသောက်ကုန်များဖြစ်သော စားသုံးဆီ(၅၀)သား တစ်ဗူးလျှင်(၃၀၀၀)ကျပ်၊ ကြက်ဥ(၅)လုံး (၁၀၀၀)ကျပ်ဖြင့် ရောင်းချပေးခြင်း၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးခြင်း၊ ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းတို့ ဆောင်ရွက်ကြသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)