ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းနှင့် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေး

ပြည် ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ လစဉ် ၂၁ ရက်နေ့တိုင်း ဒေသတွင်းရှိအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါဆိုင်ရာ ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၃၄ ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဒေသကွပ်ကဲမှုစစ်ဌာချုပ် (ပြည်) မှ ဗိုလ်မှူးချုပ် ဆန်းဌေးမောင်က ဆေးဝါးထောက်ပံ့စရိတ် ၁ သိန်းကျပ်အား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့် ဆေးဝါးထောက်ပံ့စရိတ် ၅ သိန်းကျပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးသိန်းအောင်ကလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ ပြည်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုး ကလက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးဦးဆောင်သော အရိုးအကြောအထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအဖွဲ့က အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၃၄ ဦးကို သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်းအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှ ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များလာရောက်ကြည့်ရှုအားပေးကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သော ပြည်ခရိုင်ဆန်ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းနှင့် စားသုံးဆီ ငါးဆယ်သား ၃၀၀၀ ကျပ်နှုန်းတို့ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)