မြိတ်မြို့၌ ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီနှင့် အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးပြီး အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေး

မြိတ်   ဇန်နဝါရီ  ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပင်စင်လစာထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ဝင်း၌ ဆန်၊ ဆီနှင့် အခြေခံစားကုန်ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးပြီး အခမဲ့ ကျန်းမာရေးဆေးစစ် ကုသပေးခဲ့ကြသည်။

အငြိမ်းစားဝန်ထမ်းများအား  မြန်မာ့စီးပွားရေးဘဏ်(မြိတ်ဘဏ်ခွဲ)တွင် ပင်စင်လာရောက်ထုတ်ယူရာ၌ ဆန်တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သားလျှင်(၂၈၀၀)ကျပ်၊ ဆား(၃၅) ကျပ်သား တစ်ထုပ်လျှင်(၃၀၀) ကျပ်၊ ငါးတစ်ကီလို တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး လျှင်(၂၀၀)ကျပ်၊ ကြက်သွန်နီ(၃)ကျပ်သား တစ်ထုပ်လျှင်(၅၀၀)ကျပ်၊ ငရုတ်သီးမှုန့်(၅)ကျပ်သား တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊  ပဲခြမ်း(၁၃)ကျပ်သား တစ်ထုပ် လျှင်(၁၀၀၀)ကျပ်၊ မန်ကျည်းသီးမှည့်(၁၃)ကျပ်သား(၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၁)စီး(၂၀၀)ကျပ်နှုန်းတို့ဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များအသင်းတို့ ပူးပေါင်း၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက ရောင်းချပေးခဲ့ကြသည်။

ထို့အတူ ပင်စင်လစာထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများမှ ကျန်းမာရေးဆေးစစ်လိုသူများအား ဘဏ်ဝင်းအတွင်း၌ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းနှင့်အဖွဲ့မှ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခဲ့ကြသည်။  အဆိုပါ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီ ရောင်းချပေးနေမှုနှင့် ကျန်းမာရေးဆေးစစ် ကုသပေးနေမှုအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)