မုံရွာ ဇန်နဝါရီ ၂၂
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေး၊ မျိုးစေ့သီးနှံကာကွယ်ရေးဓာတ်ခွဲခန်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို သိရှိလိုက်နာဆောင်ရွနိုင်စေရန်၊ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာများကို ပိုမိုသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်၊ သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာ၊ ရွက်ဖျန်းမြေဩဇာများ ပြုလုပ်သုံးစွဲခြင်းနှင့် အကျိုးကျေးဇူများကို ပိုမိုသိရှိဆောင်ရွက်လာနိုင်စေရန်နှင့် ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးနှင့် သဘာဝပိုးပြေးဆေးများပြုလုပ်သုံးစွဲခြင်းနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာဆောင်ရွက်လာနိုင်စေရန်တို့အတွက်ရည်ရွယ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေအသုံးချ၊ မျိုးစေ့နှင့်သီးနှံကာကွယ်ရေးဆိုင်ရာနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး (စီမံ) ဦးထွန်းရှိန်က အဖွင့်မှာစကားပြောကြားပြီးနောက်ဒုတိယတိုင်းဒေသကြီးဦးစီးမှူး(စိုက်ပညာ) ဦးအောင်ကြည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေအသုံးချ၊မျိုးစေ့နှင့်သီးနှံကာကွယ်ရေးဆိုင်ရာနည်းပညာများနှင့် စပ်လျဥ်းပြီး မြေအသုံးချရေးဌာနခွဲ၊မျိုးစေ့ဌာနခွဲ နှင့်သီးနှံကာကွယ်ရေးဌာနခွဲတို့မှ ထုတ်ဝေသော တောင်သူနည်းပညာပေး လက်ကမ်းစာစောင်များနှင့် စာရေးဆရာ အောင်မျိုးထွန်း (စိုက်ပျိုးရေး) ၏လက်တွေ့အသုံးချ စိုက်ပျိုးရေးဆေးနည်းများ စာအုပ်များကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြေအသုံးချရေးဌာနခွဲ၊ မျိုးစေ့ဌာနခွဲနှင့် သီးနှံကာကွယ်ရေးဌာနခွဲတို့မှ သင်တန်းနည်းပြဆရာဆရာမများက အဓိကအရေးကြီးသီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ မြေဆီလွှာထက်သန်ရေး၊ မျိုးကောင်းမျိုးသန့်ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ကုန်ကျစရိတ်သက်သာသည့် သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲခြင်းနည်းပညာ၊ ပဲသီးနှံများ အထွက်နှုန်းပိုမိုရရှိရေးအတွက် ယူရီးယားလက်ချား ပြုလုပ်သုံးစွဲနည်းများ၊ သစ်စိမ်းမြေဩဇာ ပြုလုပ်ထည့်သွင်းခြင်းနည်းပညာများစသည့် သက်ဆိုင်ရာဘာသာရပ်များအလိုက် တောင်သူနည်းပညာပေးခြင်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး ကဏ္ဍအလိုက်သိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေအသုံးချ၊မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဆိုင်ရာနည်းပညာပေးသင်တန်းသို့ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာမှ တောင်သူများ၊ မြေဩဇာပိုးသတ်ဆေးရောင်းချသည့် လုပ်ငန်းရှင်များနှင့် ဝန်ထမ်း (၅၀) ဦး၊ Online မှ Zoom ဖြင့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ဝန်းထမ်းများ (၇၀) ဦး စုစုပေါင်း (၁၂၀) ဦးတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)