တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ထားဝယ်  ဇန်နဝါရီ   ၂၂

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ လျက်ယနေ့နံနက်ပိုင်းတွင်ထားဝယ်မြို့၊ ကမြောကင်းတံတားချဉ်းကပ်လမ်းပေါ်ရှိ ကျောက်စီရေမြောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်း က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကမြောကင်း တံတားချဉ်းကပ်လမ်းပေါ်ရှိ ကျောက်စီရေမြောင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅/ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကျောက်စီရေမြောင်း လျာထားလုပ်ငန်းများအခြေအနေများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုအပေါ်တွင် ကျောက်စီရေမြောင်းအား ရေရှည်ကောင်းမွန်စေ ရေး စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျောက်စီရေမြောင်း အချိန်မီပြီးစီးရေးသတ်မှတ်ချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်လိုအပ် ကြောင်း၊  ကျောက်စီရေမြောင်းရေရှည်ခိုင်ခံမှုရှိစေရေးအတွက် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ်းနားလမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ထပ်မံဆောင်ရွက်မည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက ကမ်းနားလမ်းအကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ နှင့်ပြီးစီးပါက ဖြစ်ပေါ်လာမည့်အနေအထားများ၊  ကမ်းနားလမ်း(၂)လမ်းသွားဖောက်လုပ်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းလုပ်ငန်းနှင့် အမာခံကျောက်ခင်းခြင်းလုပ်ငန်း၊ လမ်းလယ် ကျွန်းပန်းခုံပြုလုပ်ခြင်းလုပ်ငန်း (မီးတိုင်ပါ)စသည့်တို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ်းနားလမ်း တစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် က ဆိပ်ကမ်းလမ်း(မင်းရပ်ကူးတို့ရပ်ကွက်လမ်းဆုံမှ အောင်တံခွန် ငါးဈေးကြား)ကတ္တရာ ချဲ့ခင်းခြင်းလုပ်ငန်း၊ အောင်တံခွန်ငါးဈေးနှင့် ငါးဈေးအနီးဆိပ်ကမ်းဘောတံတား တည်ဆောက်မည့်မြေစသည့် နေရာများအား ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို သက်ဆိုင်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)