ဓနုဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

ဓနုဖြူ   ဇန်နဝါရီ    ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့်အခြေခံ စားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခြင်းကို ယနေ့ ဇန်နဝါရီလ ၂၂ရက်နေ့ နံနက် ၈နာရီအချိန်မှစတင်၍ အမှတ်(၈)ရပ်ကွက်၊ မင်းပိုင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

ဓနုဖြူမြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားဦးရေ (၄၅၀)ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ ဆောင်ရွက်ပေးရာတွင် နိုင်ငံ့ဝန်ထမ်းပင် စင်စားများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊  ဆီးချို၊သွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်းများ စစ်ဆေးပေးခဲ့ပြီးအထွေထွရောဂါလူနာများအား လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကိုဆောင်ရွက် ပေးခဲ့သည်။ ဆေးကုသမှုခံယူသော နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အာဟာရဒါနအဖြစ် နို့ဆန်ပြုတ်များတိုက်ကျွေးခဲ့ကြပြီး၊ အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ရာ ဆန်(၁)ပြည်လျှင်(၂၅၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်း၊ ကြက်ဥ(၁)လုံးလျှင်(၂၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေးခဲ့သည်။

အဆိုပါ နိုင်ငံဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစား သောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်များမှ လိုအပ်သည်များ အား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)