ကျိုက်လတ် ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါနများ ကျွေးမွေးခြင်းကို ယနေ့နံနက် (၈) နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အာဟာရဒါနများ ကျွေးမွေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးမင်းအောင်နှင့် အဖွဲ့ဝင်များက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ ထုတ်ယူလျက်ရှိသည့် အငြိမ်းစား ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး အာဟာရဒါနများ ကျွေးမွေး၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်နှင့်ဆရာမများက ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အငြိမ်းစားဝန်ထမ်းများ၏ မိသားစုများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ များအားဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ ပေးခဲ့သည်။
ကျိုက်လတ်မြို့နယ်အနေဖြင့် အငြိမ်းစား ပင်စင်စား ဦးရေ ကျား(၆၅၀)ဦး၊ မ(၆၃၂)ဦး၊စုစုပေါင်း (၁၂၈၂)ဦးရှိပြီး သက်ကြီးပင်စင်စားများနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိပြီး ၊ ဇန်နဝါရီလအတွက်ပင်စင်လစာငွေများကို (၂၂)ရက်နေ့မှစ၍ နံနက်(၈) နာရီမှ မွန်းလွဲ(၂)နာရီအတွင်း လာရောက်ထုတ်ယူသူအားလုံးကို ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဉီးက ကိုယ်စားလှယ် လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။
လှိုင်မင်းအောင်