မင်းဘူး ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ ဒေသတွင်းလူငယ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းထွန်းလာစေရန် မင်းဘူးဒေသ ဘောလုံးအားကစားဝါသနာရှင်များပူးပေါင်းပြီး ကြီးမှူးကျင်းပသော ၂၀၂၃-၂၀၂၄ ခုနှစ်၊ မင်းဘူးလိဂ်အမှတ်ပေးအမျိုးသားဘောလုံးပြိုင်ပွဲပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် (ယမန်နေ့) မွန်းလွဲပိုင်းက မင်းဘူးခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးလိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် နောက်ဆုံးပွဲစဉ်အဖြစ် Power 9 FC ဘောလုံး အသင်းနှင့် Minbu Youth FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Power 9 FC အသင်းက (၅ ဂိုး - ၀ ဂိုး)ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ အဆိုပါပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုနှင့် ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံကျော်ဟာသလူရွှင်တော်များနှင့် ဖျော်ဖြေရေးအဖွဲ့အနုပညာရှင်များ၏ ဧည့်ခံဖျော်ဖြေတင်ဆက်မှုများကို မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများနှင့် နှစ်ဖက်အသင်းမှ ဘောလုံးအားကစားဝါသနာရှင် ပရိတ်သတ်များက တစ်ခဲနက်ပျော်ရွှင်စွာ လာရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ချန်ပီယံဆုရရှိခဲ့သည့် Power 9 FC အသင်းကို ဂုဏ်ပြုဆုငွေကျပ် သိန်း ၂၀၊ ဒုတိယဆုရရှိခဲ့သည့် Mann Youth FC အသင်းကို ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်း တို့အပြင် ပြိုင်ပွဲတစ်လျောက် တစ်ဦးချင်းအကောင်းဆုံးကစားသမားဆုများ၊ အသင်းလိုက်အကောင်းဆုံးဆုများ၊ အတိုးတက်ဆုံးအသင်းလိုက်ဆု၊ တစ်ဦးချင်းဆုနှင့် ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများအားလုံးကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်နှင့်တာဝန်ရှိသူများက လည်ဆွဲ၊ ဆုတံဆိပ်၊ ငွေသားများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မင်းဘူးဒေသ ဘောလုံးအားကစားဝါသနာရှင်များပူးပေါင်းပြီး ကြီးမှူးကျင်းပသော ၂၀၂၃-၂၀၂၄ ခုနှစ်၊ မင်းဘူးလိဂ်အမှတ်ပေး အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင် အသင်းပေါင်း (၁၂)သင်းက ပွဲစဉ်ပေါင်း (၆၆)ပွဲဖြင့် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း၊ အဆိုပါ ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ ရက်သတ္တ တစ်ပတ်လျှင် ၆ ရက်နှုန်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အမှတ်ပေးပြိုင်ပွဲတွင် ပထမဆုရရှိသော Power 9 FC အသင်းက ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိ ရမှတ် ၂၉ မှတ်ဖြင့် ချန်ပီယံပထမဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း၊ ပြိုင်ပွဲကျင်းပစဉ်ကာလ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပွဲစဉ်ကောင်းများကို Minbu League Facebook Page မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ပြီး ပထဆုချန်ပီယံအသင်းကို ဆုကြေးငွေကျပ် သိန်း ၂၀၊ ဒုတိယဆုအသင်းကို ဆုကြေးငွေကျပ် ၁၀ သိန်းအပြင် အခြားဆုများကိုလည်း ချီးမြှင့်ပေးနိုင်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအောင်ရဲကျော်ထံက သိရသည်။
မောင်မောင်(မင်းဘူး)