ဘိုကလေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ဘိုကလေး ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်း၌ ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက အခမဲ့ဆေးဝါး ကုသကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။

အခြေခံစားသောက်ကုန်များရောင်းချရာတွင် စားသုံးဆီ၊ ကြက်ဥ၊ ဘဲဥများ ရောင်းချပေးခြင်း ဖြစ်ရာ စားသုံးဆီ(၅၅)ကျပ်သား (၁)ဘူးလျှင်(၃၀၀၀)ကျပ်နှုန်း၊ ကြက်ဥ(၁)လုံးလျှင် (၂၃၀)ကျပ်နှုန်း၊ ဘဲဥ(၁)လုံးလျှင်(၂၈၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပြီးကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင်လည်း အထွေထွေရောဂါများအားကုသပေးခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစား သောက်ကုန်များ ရောင်းချခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယနေ့မှစ၍ (၅)ရက်တိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)