မြဝတီ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ခရိုင်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက“စုံညီပွဲတော် ဒို့နွှဲပျော်” တေးသီချင်းဖြင့်ဖွင့်လှစ်ပေးပြီး မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားပေးသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးက နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကျောင်းသား၊ကျောင်းသူများ ဘက်စုံပညာ ထူးချွန်ထက်မြက်နေစေရန် မိဘ၊ ဆရာပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်းနှင့် စုံညီပွဲတော် ကျင်းပရခြင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက နေပြည်တော်(ဗဟိုအဆင့်)ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးနိုင်ဝင်းက ခရိုင်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် အသင်းများအားလည်းကောင်း၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်းက အားကစားနှင့်ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ကြသည့် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့်အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းတို့မှ ဆရာ/ဆရာမများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးသည်။
ယင်းနောက် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အပျိုကြီးလက်ခတ်သံ”တေးသီချင်းဖြင့်ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)