ကျောင်းကုန်းမြို့တွင် အထူးရဲသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကျောင်းကုန်း အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ အထူးရဲသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းရွှေ က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလုံခြုံရေးဆောင်ရွက်ရာမှာ အင်အားမလုံလောက်တဲ့အတွက် ၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေပုဒ်မ ၂၇/၂၈ တို့အရအထူးရဲများ ခန့်အပ် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ၊ ကျောင်းကုန်းမြို့နယ်အနေဖြင့်မဲရုံပေါင်း(၁၂၅)ရုံ ရှိတဲ့အတွက် အထူးရဲ(၁၂၅)ယောက် ခန့်ထားပြီး သင်တန်းပို့ချပေးခြင်းဖြစ်ကြောင်း၊ ကျောင်းကုန်းမြို့ အ.ထ.က(၁)တွင် (၅၄)ဦး ၊ ဥယျာဉ်ကြီးဘုန်းကြီးကျောင်းတွင်(၄၁)ဦး နှင့်ဒေါင့်ကြီး အ.ထ.က တွင်(၃၀)ဦး ၊ စုစုပေါင်း (၁၂၅) ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှ ယနေ့အထိ ရွေးကောက်ပွဲဥပဒေ ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ဘာသာရပ်များ သင်ကြားပို့ချပေးကြောင်း၊ ရက်ပေါင်း(၄၆)ရက်အတွက် ခန့်ထားခြင်း ဖြစ်ကြောင်း ၊ အထူးရဲများ အနေဖြင့် ယခု သင်တန်းက သင်ကြားပို့ချတဲ့ သင်ခန်းစာများကို သေချာစွာလေ့လာလိုက်နာ သွားကြမည်ဆိုလျှင် ရဲတပ်ဖွဲ့ဝင်များ ဆောင်ရွက်ကြရတဲ့ တာဝန်ဝတ္တရားများကို သိရှိကြပြီး ၊ ဒီတာဝန် ပြီးဆုံးလို့ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိသွားတဲ့အခါ ပြည်သူတွေအပေါ်မှာ ပြုကျင့်ရမယ့် ကျင့်ဝတ်တွေ ၊ ဆောင်ရန်/ရှောင်ရန်အချက်တွေကို လိုက်နာကာ မိမိရပ်ရွာ မြို့နယ် ၊ ခရိုင် ၊ တိုင်းဒေသကြီးများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သင်တန်းဆင်းမိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)