သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်

သဲကုန်း ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့် (၂၁) ရက်နေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ဦးစိုးမင်းထွေး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်‌ ဖြစ်ပွားနေ‌သည့်ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) စစ်ဆေးဆောင်ရွက်ကုသပေးခဲ့သည်။

သဲကုန်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက ​စောလျင်စွာ ကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား လစဉ်လတိုင်း (၂၁) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်​ပြည်သူ့ကျန်းမာ​ရေး​ဦးစီးဌာနမှ သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)