လပွတ္တာမြို့ (အ.ထ.က၁) ကျောင်း၏၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

လပွတ္တာ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် (အ.ထ.က-၁) ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်ကအဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနား  အားလပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဥွီးနှင့်တာဝန်ရှိသူများက ဖဲကိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံညီပွဲတော် သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီးလပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဥွီးကဂုဏ်ပြုအဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့​​နောက်ခရိုင်ပညာရေးမှူး ဆရာကြီးဦးသန်းမောင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ယုက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တို့တွင် ဘာသာရပ်အလိုက် ထူးချွန်ဆုရသူများနှင့် လူရည်ချွန် ကျောင်းသား၊ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ လပွတ္တာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်ကိုဦး၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးဝင်းမင်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)