မန္တလေး ဖေဖော်ဝါရီ ၂
ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်းဆိုင်ရာ (ဇုန်အဆင့်)စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က(၃၂)ကျောင်းခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာနှင်းက အဖွင့် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ စာတတ်မြောက်ရေးအထောက်အကူပြု ပင်မဌာန(ရန်ကုန်)မှ ဒေါ်မေစီအုန်းမောင်က ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ပတ်သက် သည့် အကြောင်းအရာများအား ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းအား မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပြင်ဦးလွင်၊ မတ္တရာ၊ ညောင်ဦးနှင့် မြင်းခြံမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၇၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ တစ်ရက်ဖြစ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)