သရက်ချောင်း ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းနှင့် အခြေခံစားကုန်များရောင်းချပေးခြင်းကို စနစ်တကျကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သရက်ချောင်းမြို့နယ်ဦးစီးဌာနမှူး ဦးလွင်ဦးကြီးကြပ်မှူးဖြင့်ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကဒ်၊ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ သွေးအုပ်စု၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ အချက်အလက်များကို ကိုယ်တိုင်လျှောက်လွှာမှာ ဖြည့်သွင်းပေးပြီး ID ကဒ်ပြုလုပ်ရာတွင် မျက်လုံး Scan ဖတ်ခြင်း၊ လက်(၁၀)ချောင်း scanဖတ်ပြီးဆိုရင် ဂဏန်း(၁၀)လုံးပါတဲ့ UID နံပါတ်များကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိသည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာနဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်သော ဆရာ/ဆရာမများက နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြထွေးသွယ်နှင့်ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ထို့သို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားကုန်များ ရောင်းချပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမူကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကူညီခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)