ကျောင်းကုန်း ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက် ၇ နာရီအချိန် ခန့်က ပင်စင်ထုတ်ပေးပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
ရှေးဦးစွာ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအားတိုကင်နံပါတ်ပြားပေး၍ ကြက်သားဆန်ပြုတ် အာဟာရကျွေးမွေးခဲ့သည်။ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ငွေများ ထုတ်ပေးခဲ့ပြီး၊ ပင်စင်စားများအား ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုး နှံပေးခဲ့ပြီး၊ တိုင်းရင်းဆေးဌာနမှ ကွင်းဆင်းကုသ ပေးခဲ့သည်။ ထို့နောက် အခြေခံစားသောက်ကုန်များဖြစ်သည့် စားသုံးဆီ(၁)ပိဿာလျှင် ငွေကျပ် (၅၈၀၀) နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥ(၅) လုံးကို ငွေကျပ်(၁၀၀၀)နှူန်းဖြင့် လည်း ကောင်း၊ ဆန်တစ်ပြည်လျှင် ငွေကျပ်(၃၀၀၀) နှုန်းဖြင့်လည်းကောင်း ဈေးနှူန်းသက်သာ စွာဖြင့်ရောင်းချပေးခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူးရဲမှူး အောင်နိုင်ဦးတို့ကြီးကြပ်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပင်စင်စား(၃၅၀)ဦး ခန့်အား ဖေးမကူညီ စောင့်ရှောက် ပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)