ဘောဂလိ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆိတ်များကိုလည်းတိုးချဲ့မွေးမြူလာကြောင်း သိရသည်။
ဆိတ်မများသည် ၁၃ လမှ ၁၅ လအတွင်း အရွယ်ရောက်ကြပြီး ပထမဆုံးဆိတ်ကလေးများမွေးမြူရာတွင် တစ်ကောင်(သို့မဟုတ်) အမြွှာမွေးတတ်ကြပြီး သုံးကောင်မွေးမှုမှာနည်းပါးပါသည်။ ဆိတ်မများသား မွေးပြီးနောက် တစ်ကြိမ်သားပေါက်ရန် သားခြားကာလမှာခုနှစ်လမှ ရှစ်လအထိကြာမြင့်တတ်ကြောင်း၊ ဆိတ်မများတွင် ကိုယ်ဝန်ဆောင်ကာလ၏ နောက်ဆုံးလနှင့် ဆိတ်ကလေးမွေးပြီးတစ်လအထိ အားနည်းတတ်၍ ယင်းကာလများတွင် ဆိတ်များအား အစာကျွေးမွေးရာတွင်လည်းကောင်း၊ လွှတ်ကျောင်းရာတွင်လည်းကောင်း၊ ဂရုတစိုက်ကျွေးမွေးပြုစု စောင့်ရှောက်ရန်လိုအပ်ကြောင်း၊ ယခင်နှစ်များတွင် ဆိတ်များရောင်းဝယ်ရာတွင် ဈေးနည်းသော်လည်း ယခုနှစ်တွင်ဈေးကောင်းရရှိမှုနှင့် ဒေသနေပြည်သူများဝယ်လိုမှု များပြားသောကြောင့် ဆိတ်များပိုမိုတိုးချဲ့မွေးမြူလာကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် အရွယ်ရောက်ပြီး ဆိတ်တစ်ကောင်လျှင် ငွေကျပ်(၁၀၀၀၀၀)ရရှိပြီး ယခုနှစ်တွင် ငွေကျပ် (၁၈၀၀၀၀) ကျပ်ထိရရှိသဖြင့် မွေးမြူသူအနေဖြင့်အဆင်ပြေလျက်ရှိကြောင်း တပိုင်တနိုင်ဆိတ်များ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
မူးလားလာ(ပြန်/ဆက်)