အုတ်ဖို ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကစားနည်း (၉) မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (အုတ်ဖို)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အုတ်ဖိုမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်မှ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်ပြောကြားခဲ့သည်။ ထို့နောက် အခမ်းနားတက်ရောက်လာသူများက ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးငြှိမ်းသတ်နည်း၊ စောင်ဖြင့်ထမ်းစင်ပြုလုပ်နည်းနှင့် သယ်ဆောင်နည်း၊ ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီပြုလုပ်နည်းများ၊ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါကဆောင်ရွက်ရမည့် နည်းစနစ်များ၊ မီးလောင်မှုကို ဖြစ်ပေါ်စေနိုင်မည့် အကြောင်းအရာများ၊ အရိုးကျိုးလူနာများအား ရှေးဦးပြုစုနည်းစသည့် Game (၉)မျိုးဖြင့် လေ့ကျင့်သင်ကြားပညာပေးဆောင်ရွက်ခဲ့ကြသည်။
ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အရေးပေါ်အခြေအနေပေါ်ပေါက်လာပါက လျင်မြန်စွာတုံ့ပြန်နိုင်ပြီး ထိခိုက်ဆုံးရှုံးမှု နည်းပါးစေမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အောင်သူ (ပြန်ဆက်)