မြဝတီ ဇန်နဝါရီ ၂၂
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ် ကရင်ပြည်နယ် မြဝတီခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ ကလပ်ပေါင်းစုံအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာဗိုလ်လုပွဲသို့ တက်ရောက်ကြခဲ့သည့် crocodile အသင်းနှင့် youth family အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ crocodile အသင်းမှ ငါးဂိုးတစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲကိုကျင်းပခဲ့ရာ ပွဲစဥ်တစ်လျှောက် ပါဝင်ဆောင်ရွက်ပေးသည့်ဒိုင်အဖွဲ့အား မြဝတီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်ကလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆု၊ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆု၊ နောက်တန်းအကောင်းဆုံးအားကစားသမားဆု၊ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုတံဆိပ်များကို ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။
ထို့နောက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် crocodileအသင်းအားဒိုင်းဆုကြီးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တစ်ဦးချင်းဆုကလပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်း၊ ဒုတိယဆုရရှိသည့်youth family အသင်းအားဒိုင်းဆုကြီးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိန်သောင်းနှင့် တစ်ဦးချင်းဆုကလပ်များကို ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်ကျော်သန်း၊ တတိယဆုရရှိသည့်အသင်းအား ခရိုင်ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီးမိုးကျော်ဟိန်းနှင့် တစ်ဦးချင်းဆုကလပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စောသူလစ်ဖောင်(ပြန်/ဆက်)