သာယာဝတီ အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီး ဦးထွန်းထွန်းဦးသည် အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီက သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သာယာဝတီခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးထွန်းထွန်းဦးက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မဲရုံ အတွင်းနှင့် အပြင်တွင်လည်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက် များကို အသိပေး ဆိုင်းဘုတ်များ စိုက်ထူထားရှိရန် ၊ မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ မဲပေးနိုင်ရန် နှင့် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအလိုက် လိုအပ်ချက်များ တင်ပြကြရန် ရှင်းလင်း ပြောကြားသည်။
ထို့နောက် သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်က သာယာဝတီခရိုင်အတွင်း အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်များအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ ၊ ခရိုင်အတွင်းရှိ မဲဆန္ဒရှင်များ၏ အခြေအနေ၊ မဲရုံဆောင်ရွက်ထားရှိမှုအခြေအနေ၊ ယာယီမဲရုံ ဆောက်လုပ်ရန် အခြေအနေ၊ မဲရုံသုံးပစ္စည်းများ ရရှိမှုအခြေအနေနှင့် ဝန်ထမ်းအင်အား အခြေအနေအား ရှင်းလင်းတင်ပြပြီး ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ထွန်းမြင့်ဝင်းက ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ ၊ မဲရုံလုံခြုံရေးအတွက် အထူးရဲများ သင်တန်းထားရှိမှု အခြေအနေများအား လည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိန်းနိုင်လင်းက မဲဆန္ဒရှင်ပြည် သူများ မဲပေးရာတွင် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများအား လည်းကောင်း၊ သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌဦးရဲမြင့်က ခရိုင် အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ အခြေအနေများ ၊ မြို့နယ်အလိုက် ကော်မရှင်အဖွဲ့ခွဲများ၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက် / ကျေးရွာ ကော်မရှင် အတွင်းရေး မှူးများအား သင်တန်းပေးသည့် အခြေအနေများကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ မှ မြို့နယ် အုပ်ချုပ်ရေးမှူးများ နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများက မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အခက်အခဲများ၊ လျှပ်စစ်မီးမရရှိသည့် မဲရုံများအတွက် လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်မည့် အခြေအနေများ ၊ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများနှင့် မဲရုံများအလိုက်လိုအပ်ချက်များ တင်ပြကြရာ ပဲခူးတိုင်းဒေသကြီးလူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးဦးထွန်းထွန်းဦးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
တောင်ငူခရိုင်အတွင်း၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲရုံပေါင်း (၉၉၀) ရုံ၊ မဲဆန္ဒရှင်ဦးရေ (၈၅၀၃၈၃)ဦးရှိပြီး နိုင်ငံရေးပါတီပေါင်း(၁၂ )ပါတီ ၊ တစ်သီးပုဂ္ဂလ (၁) ခု မှ ကိုယ်စားလှယ်လောင်း (၁) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန့်ဇော်(သာယာဝတီ)