ငဖဲမြို့နယ်၌ ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ (၆၈၈၃)ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

ငဖဲ ဇန်နဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံ၊ ရင်းရှည်ရေလှောင်တမံမှ ဆည်ရေများနှင့် မြေအောက်ရေတို့ကို အသုံးပြု၍ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ပဲမျိုးစုံ (၆၈၈၃)ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် (၄၃၇)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။

၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံပဲမျိုးစုံများအဖြစ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲကြီး၊ ကုလားပဲ၊ ပဲနောက်နှင့် အခြားပဲမျိုးစုံကို (၆၄၄၆)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ မတ်ပဲ (၁၂၉)ဧက၊ ပဲကြီး (၁၇)ဧက၊ ကုလားပဲ (၅၃၁၅)ဧက၊ ပဲနောက် (၇၁၂)ဧကနှင့် ပဲတီစိမ်း (၇၁၀)ဧက  စုစုပေါင်း (၆၈၈၃)ဧက စိုက်ပျိုးပြီးစီးကာ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မိုးစပါးများရိတ်သိမ်းခြွေလှေ့အပြီး လယ်မြေများတွင် ဒေသခံတောင်သူများက ကုလားပဲနှင့် ပဲနောက်ကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြကြောင်းနှင့် ငဖဲမြို့နယ်အနေဖြင့် ယမန်နှစ်က ပဲမျိုးစုံ (၆၄၇၆)ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှုနည်းပါးကာ လယ်မြေများတွင် ပဲမျိုးစုံကို အဓိကထား စိုက်ပျိုးကြပြီး ယခင်နှစ်ကထက် မျိုးစေ့ဖိုး၊ သွင်းအားစု၊ ထွန်ယက်ခနှင့် မြေအောက်ရေတင်ရ၍ ဓါတ်ဆီဖိုး စသည့် ကုန်ကျစရိတ်များသောကြောင့် သီးနှံများ အထွက်နှုန်းကောင်းမွန်ရန်နှင့် ပဲဈေးကောင်းရရှိရန် တောင်သူများက မျှော်လင့်လျက်ရှိကြောင်းနှင့် စိုက်ပျိုးပြီးစီးသော ပဲမျိုးစုံသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ ပဲမျိုးစုံအထွက်နှုန်းကောင်းမွန်ရေးတို့အတွက် သက်ဆိုင်ရာဌာနများပူးပေါင်း၍ တောင်သူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)