တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုသိမ် ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ စာဖြူစုကျေးရွာ အုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာန၏ Super sun-41 ဆီးထွက်သီးနှံနေကြာ (၁၀)ဧက စံပြကွက် အားလည်းကောင်း၊ တောင်သူဦး စောဌေးအောင်၏ လယ်ဧက (၄) ဧကတွင် (GW11) နွေစပါး ဓာတ်မြေဩဇာကြဲပက်နေမှုများနှင့် တောင်သူဒေါ်နှင့် ယုဆွေ၏ လယ်မြေ (၄)ဧကတွင် သီးထပ်ရင်နွေစပါး ပျိုးထောင်၍ စနစ်တကျစိုက်ပျိုးနေမှု များအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး သွင်းအားစုများ စနစ်တကျထည့်သွင်းဆောင်ရွက်စေရေး၊ အထွက်တိုးမျိုးစပါး များနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုး၍ အထွက်နှုန်းတိုးတက် အောင်ဆောင်ရွက် စေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။  ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် မတ်လ ၂ ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင်ပန်းမန်များနှင့် အခမ်းအနားပြုလုပ်မည့်နေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက် နေမှု အခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာ၊ တောင်သူဦး ဇော်ဇော်မျိုး၏ လယ်မြေ ၅ ဧကတွင် ပြုလုပ်သည့် ရက် ၉၀ မျိုးစပါး၊  နွေစပါး မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်း အခမ်းအနား တက်ရောက်အားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ နွေစပါးတစ်ဧက ၁၀ တင်း ပိုမိုတိုးတက်ထွက်ရှိစေရေး၊ ကောက်စိုက်စက်၊ အစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်းများအား တောင်သူများ ကျန်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်စေ ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် သစ်တောဦးစီးဌာန၊ မြို့မပျိုးဥယျာဉ် (ပုသိမ်)သို့ သွားရောက်၍ သစ်တောဦးစီးဌာနမှ ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ယမနေ၊ စိန်ပန်းကြီး၊ ပိတောက်၊ ရေတမာ၊ တမလန်း၊ သင်းဝင် ယင်းမာ၊ တောင်သရက်၊ ကုက္ကိုလ်၊ ငုရွှေ၊ ပုန်းညက်၊ ကညင်၊ ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေ အနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပျိုးပင်များအားလုံး ရှင်သန်စိုက်ပျိုးနိုင်စေရေး ပျိုးထောင်ပြုစုထားရှိရန် မှာကြားခဲ့သည်။ သစ်တောဦးစီးဌာန၊ မြို့မပျိုးဥယျာဉ် (ပုသိမ်)တွင် ၂၀၂၂၊ ၂၀၂၃ ခုနှစ် အထူးပျိုးပင် သုံးသောင်းကျော်နှင့် ၂၀၂၄ မိုးရာသီပျိုးပင်သုံးသောင်းကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

ထို့အတူ  ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကန်သာယာပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပုသိမ်မြို့၊ ကန်သုံးဆင့်တွင်  ပြည်သူများကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်နှင့် အပန်းဖြေနိုင်ရန် အတွက် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် အများပြည်သူများ စိတ်အေးချမ်းစွာအနားယူနိုင်စေရေး၊ မြက်ခင်း များစနစ်တကျစိုက်ပျိုးစေရေး၊ လျှောက်လမ်းများတွင် colour brick များ စနစ်တကျခင်းကျင်းစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီး စေရေးမှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)