ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အခြေခံပညာမူလတန်းကျောင်း၊ (အ.မ.က)ဇီးဖြူချောင်း၌ ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၆) နာရီအချိန်က ကျောင်းစုဝေးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းကော်မတီဥက္ကဋ္ဌ ဦးကျော်ဌေးမှ ယခုကဲ့သို့ စုံညီပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်သည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူ မိပါကြောင်း၊ ထူးချွန်ထက်မြက်သည့် ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ခွင့်ရအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါသော ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများ၊ ရွာသူရွာသားများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်နှစ်များတွင် လည်း ယခုကဲ့သို့ပင် စည်ကားသိုက်မြိုက်စွာ ဆုများချီးမြှင့်ပေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အခြေခံပညာမူလတန်းကျောင်း၊ (အ.မ.က) ဇီးဖြူချောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်းမှ ယခုစုံညီပွဲကို ဆရာမိဘများ၊ ကျောင်းသားကျောင်းသူများ စုံစုံညီညီ ပူးပေါင်းဆောင်ရွက် ပေးသည့်အပေါ် များစွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ယခုပွဲဖြစ်မြောက်၊ အောင်မြင်အောင် ပါဝင်ကူညီဆောင်ရွက်ပေးသည့် မိဘများနှင့်အလှူရှင်များအား များစွာကျေးဇူးတင်မိပါ ကြောင်းနှင့်ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ပညာကိုပိုမိုကြိုးစားပြီး လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ကျောင်းသားမိဘများကိုယ်စား ကျောင်းသားဟောင်းများအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဇော်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၌ ပညာရည်ချွန်ဆုရှိခဲ့သူများ၊ အားကစားဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများမှ တေးသီချင်းများ၊ အကအလှများဖြင့် ကပြဖျော်ဖြေ ခဲ့ကြကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း၊ ပြန်/ဆက်)