ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် ပြင်ပစာပေများ လေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရေး၊ ဗလငါးတန်ပြည့်စုံကြွယ်ဝပြီး ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာစေရေး ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က လူငယ်နှင့်အောင်မြင်ရေး၊ လူငယ်နှင့်စဉ်းစားတွေးခေါ်နိုင်မှု၊ လူငယ်နှင့်နည်းပညာများ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က “မိဘနှင့်သား/သမီးကြား ထားရှိရမည့် ဂါရဝတရားများ၊ ဆရာနှင့်တပည့်ကြားထားရှိရမည့် ဂါရဝတရားများ၊ လူငယ်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်ငါးဖြာ” အကြောင်းတို့ကို အသီးသီး အသိပညာပေးရှင်းလင်းဟောပြောကြသည်။

ဆက်လက်၍ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်၊ ပလတ်စတစ်လျှော့ချသုံးစွဲရေး၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကောက်နုတ်ချက်များဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန (ပခုက္ကူခရိုင်ရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်း၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)