ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်မြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး

ပုသိမ် ဇန်နဝါရီ ၂၂

ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်ကလေးဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ အထူးကုဆရာဝန်ကြီး များနှင့် အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား  ပုသိမ်မြို့၊ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးလာရောက်ကုသသည့် လူနာများနှင့် ရင်းရင်းနှီးတွေ့ဆုံ၍ အားပေး စကားများ ပြောကြားခဲ့ကာ နံနက်စာ စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက လူနာများ စာရင်းရေးသွင်းနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများ၊ အထူးကုဆရာဝန်ကြီးများဖြစ်ကြသည့် ပါမောက္ခဒေါက်တာ နွယ်နွယ်၊ ပါမောက္ခ/ဌာနမှူး (နှလုံးဆေးကု)၊ ဒေါက်တာစိန်ခိုင်၊ ကထိက(နှလုံးဆေးကု)၊ ပါမောက္ခဒေါက်တာ မိုးဝင့်အောင်၊ ပါမောက္ခ/ဌာနမှူး (ဆီးချိုနှင့် ဟော်မုန်း)၊ ဒေါက်တာခင်နွယ်ဦး၊ အထူးကုဆရာဝန်ကြီး (ကလေးကင်ဆာ)၊ ဒေါက်တာ အေးမြမင်းအေး၊ အထူးကုဆရာဝန်ကြီး (ကလေးဦးနှောက်နှင့် အာရုံကြော)၊ ပါမောက္ခဒေါက်တာ ဝင်းဝင်းဆွေ၊ ပါမောက္ခ/ဌာနမှူး (အသည်းဆေးကု)၊ ဒေါက်တာ လင်းထက်ဦး၊ အထူးကုဆရာဝန် (အစာအိမ်နှင့် အူလမ်းကြောင်း)၊ ဒေါက်တာ နေမျိုးဦး၊ တွဲဖက်ပါမောက္ခ (ဆေးပညာ)၊ ဒေါက်တာရဲသူဟန်၊ အထူးကုဆရာဝန် (ရင်ခေါင်းဆေးကု)၊ ဒေါက်တာထက်ထက်လင်း၊ တွဲဖက်ပါမောက္ခ (ဦးနှောက်နှင့် အာရုံကြော ဆေးကု)၊ ဒေါက်တာ မြတ်မွန်ဇင်သိန်း၊ အထူးကုဆရာဝန် (ဦးနှောက်နှင့် အာရုံကြောခွဲစိတ်) တို့က ဆေးကုသမှုပေး‌နေမှုများအား‌ တိုင်းဒေသကြီး ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဇင်တို့မှ လိုက်လံရှင်းလင်း‌ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  အထူးကုဆရာဝန်ကြီးများအား ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အထူးကုဆေးကုသရေးအဖွဲ့အနေဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ နှလုံးရောဂါ ဆိုင်ရာလူနာ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာလူနာ၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ၊ အထွေထွေ ရောဂါ ဆေးပညာလူနာ၊ ရင်ခေါင်းဆေးကာသမှုဆိုင်ရာလူနာ၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ လူနာ၊ အသည်းဆေးကုသမှုဆိုင်ရာလူနာ၊ ကလေးကင်ဆာ၊ ကလေးဦးနှောက်နှင့် အာရုံကြော၊ ကလေးရောဂါ၊ အရိုးအကြော၊ အရေပြား၊  မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သားဖွား မီးယပ်၊ ခွဲစိတ်လူနာ စုစုပေါင်း (၁၁၁၉) ဦးအား ကြည့်ရှုကုသပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)