ဝေါ ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်း ၁း၀၀ နာရီတွင် ဝေါမြို့အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အောက်ဝိုင်းပါတ်၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ထားဦးက အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က Moderator အဖြစ် ဆောင်ရွက်ပေးပြီး အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)အောက်ဝိုင်းပါတ်မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade 8 မှ မဂျုးအင်္လကာချိုက အချိန်၏ တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 9 မှ မချယ်ရရီခိုင်က ကြိုးစားခြင်း၏ ရလဒ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 9 မှ မသီရိစိုးက ပျင်းရိခြင်း၏ ဆိုးကျိုးခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade 9 မှ မောင်ကျော်မင်းဘိုက ကျောင်းသားတာဝန်ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပေးသည်။
ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)