ပွင့်ဖြူမြို့နယ် မေတ္တာရင်ခွင်ပရဟိတအသင်းက ကျေးရွာရှိ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်

ပွင့်ဖြူ ဇန်နဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတအသင်းက ကျေးရွာရှိ အထက်တန်းနှင့် အလယ်တန်းအဆင့် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာဆည်းပူးသင်ကြားနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဦးစွာ မေတ္တာရင်ခွင်ပရဟိတအသင်းအဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ ပညာဆည်းပူးသင်ကြားနိုင်ရန်အတွက် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ထောက်ပံ့ပေးမည်အစီအစဉ်များ၊ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံပညာရည်ထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်အောင် ဆရာ/မိဘများ၏ ဆိုဆုံးမမှုများကို အလေးထားလိုက်နာပြီး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ထို့နောက် မေတ္တာရင်ခွင်ပရဟိတအသင်းအဖွဲ့ဝင်များက မိမိတို့ကျေးရွာရှိ အထက်တန်းနှင့် အလယ်တန်းအဆင့် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူ ၇၁ ဦးအား ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတအသင်းအနေဖြင့် ကျေးရွာရှိ ကျောင်းနေအရွယ်ကလေးများနှင့် ကျောင်းသားကျောင်းသူများ ပညာရေး အလှမ်းမဝေးစေရေး၊ စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် နှစ်စဉ်စုဆောင်းရရှိသော ရန်ပုံငွေဖြင့် ကျောင်းသားကျောင်းသူများကို စာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်းနှင့် ကျေးရွာ၏ လူမှုရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ ကျေးရွာမေတ္တာရင်ခွင်ပရဟိတအသင်းမှ အဖွဲ့ဝင် ဦးမိုးနန်းဝေထံက သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )