ကော့သောင်း ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၆ အချိန်က ကော့သောင်းမြို့ဆုတောင်းပြည့် ပြည်တော်အေးစေတီရင်ပြင်ရှိ ဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ကော့သောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားအား ဆရာတော်သံဃာတော်အရှင်သူမြတ်များက မြတ်စွာဘုရားအား ပင့်ဆောင်ခြင်းနှင့်ရှိခိုးပူဇော်ခြင်းများပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီးကော့သောင်းမြို့ရွှေပြည်သာဆရာတော်ဘဒ္ဒန္တ ပါမောက္ခအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များက နတ်၊ ဗြဟ္မာများ အား ပြန်လည်ပို့ဆောင်ခြင်းဂါထာတော်အားရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ကြွရောက်လာကြသော ဆရာတော်၊သံဃာတော်အရှင်မြတ်များအား ခရိုင်အဆင့် တာဝန်ရှိသူများ ကော့သောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချိုတို့က လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရွှေပြည်သာ ဆရာတော်ဘဒ္ဒန္တ ပါမောက္ခအရှင်သူမြတ်ထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေးခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ ဥပ္ပါတသန္တိပရိတ်တော်အား ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီလ ၁၂ ရက်နေ့မှ စတင်၍ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ (၉)ရက်တိုင်တိုင် သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)