ပေါင်းတည်၌ နွေစပါးစိုက်ပျိုးရေ ဖြန့်ဝေရောက်ရှိမှု အခြေအနေ ကွင်းဆင်းစစ်ဆေး

ပေါင်းတည် ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးမှုအတွက် ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေများ ဖြန့်ဝေရောက်ရှိမှုအခြေနေကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ရေးကော်မတီအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက်က ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနမှ စိုက်ပျိုးရေပေးဝေမှုလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပြီးနောက် လက်ဝဲ၊ လက်ယာမြောင်းမကြီးများမှတဆင့် မြောင်းလက်တံငယ်များသို့ ရေရောက်ရှိမှုနှင့် လယ်ကြားမြောင်းတူးဖော်အသုံးပြုမည့် အခြေအနေများကို မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါလျက် ကြူတောကန်ကျေးရွာအုပ်စုရှိ ဆည်ရေသုံးစွဲမည့် စိုက်ပျိုးရေးကွင်းများသို့ ကွင်းဆင်းကြည့်ရှုကြသည်။

ယင်းနောက် ဆည်ရေအသုံးပြုမည့် WUG တောင်သူအဖွဲ့များနှင့် ကြူတောကန် အနောက်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် တွေ့ဆုံကာ နွေစပါးစိုက်ပျိုးမှုကို ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်၊ ကျေးရွာအုပ်စု စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားကာ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သူရကြီး (ပြန်/ဆက်)