ပဲခူး ဇန်နဝါရီ ၂၁
ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ သပြေကုန်းဘိုးဘွားရိပ်သာ၌ ဇဗ္ဗူရတနာ ဓမ္မာရုံတော်ကြီး ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ သပြေကုန်းဘိုးဘွားရိပ်သာမှ အဘိုး ဦးတင်မောင်မြင့်၊ အဘွား ဒေါ်ဌေးဌေးမြင့်တို့က ဇဗ္ဗူရတနာ ဓမ္မာရုံတော်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ဇဗ္ဗူရတနာ ဓမ္မာရုံကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
ထို့နောက် ဇဗ္ဗူရတနာ ဓမ္မာရုံအား ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက မဟာကလျာဏီသိမ်တော်ကြီးစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကဝိန္ဒာဘိဝံသ အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုခဲ့ကြပြီး တိုင်းဒေသကြီးသာသနာရေးဦးစီးမှူးက ကဗ္မည်းမော်ကွန်းအား ဖတ်ကြားလျှောက်ထားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြွရောက် တော်မူလာကြသည့် သံဃာတော်အရှင်မြတ်များထံသို့ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဝင် သပြေကုန်းဘိုးဘွားရိပ်သာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တမုနိန္ဒ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြပြီး ဇဗ္ဗူရတနာ ဓမ္မာရုံတော်ကြီး ရေစက်ချအလှူတော်မင်္ဂလာအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က ကြွရောက် လာသည့် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး သပြေကုန်းဘိုး ဘွားရိပ်သာရှိ အဘိုးအဘွားများအား တစ်နေ့စာအလှူ၊ အာဟာရဖြည့်စွက်စာနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ မတည်လှူဒါန်းမှုတို့နှင့်အတူ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ စေတနာရှင်သူများ၏ ထည့်ဝင်လှူဒါန်းမှုတို့ဖြင့် သပြေကုန်းဘိုး ဘွားရပ်သာရှိ ဓမ္မာရုံ၊ စားရိပ်သာဆောင်၊ အဘိုး/အဘွားအိပ်ဆောင်များ၊ ကုတင်များအား ငွေကျပ်(၁၄၂၀,၇၄၀၀ဝိ/-) အကုန်အကျခံကာ အကြီးစားပြင်ဆင်တိုးချဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)