ဘိုကလေးမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ဘိုကလေး ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပဆောင်ရွက်သည်။

အဆိုပါ စုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/များ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ စုံညီစွာတက်ရောက်ကြပြီး အခမ်းအနားအား အ.ထ.က(၃)၊ ဘိုကလေး ကျောင်းသား/သူများက မြန်မာ့ကျောင်း သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ယခုကဲ့သို့သော စုံညီပွဲတော်များ ကျင်းပရခြင်းသည် အခြေခံပညာ ကျောင်းပေါင်းစုံမှဆရာ၊မိဘ၊ ကျောင်းသားများ စုံညီစွာတွေ့ဆုံ၍ ခေတ်မှီတိုးတက်သော ပညာရေးကဏ္ဍများအား ဖော်ဆောင် ရန် ဖြစ်ကြောင်း၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရန် အဓိက အရေးပါလှ သော လူ့စွမ်းအား အရင်းအမြစ်များ၊ နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက ပညာရေးစုံညီ ပွဲတော်များ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် အနှစ်သာရများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများ၏ ဖျော်ဖြေရေးကဏ္ဍများနှင့် အတူတွဲဖက်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိခဲ့သော ကျောင်းသား/သူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရရှိခဲ့သော ကျောင်းသား/သူများ၊ စာပေ ဘာသာရပ်နှင့် အားကစားတို့တွင် ထူးချွန်သော ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)