အင်္ဂပူ ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၊ ခြောက်ရွာ ကျောင်းခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပြီးလူငယ်ရေးရာ ဟောပြောပွဲနှင့်လူငယ်စကားဝိုင်းတို့ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ-ထ-က(ခြောက်ရွာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိန်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်သီသီရှိန်က လူငယ်ရေးရာဟောပြောပွဲနှင့်လူငယ်စကားဝိုင်းများ ကျင်းပရခြင်းရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့်အတူ Grade-11 မှ မောင်ထက်ကျော်က လူငယ်နှင့်အင်တာနက်၊ Grade-11မှ မချစ်စုဝေက လူငယ်နှင့် ကျန်းမာရေး၊Grade-10မှ မနှင်းနန္ဒာကျော်က လူငယ်နှင့်အားကစား၊Grade-10မှမစိမ်းလဲ့သန္တာက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ Grade-10မှ မရွှန်းလဲ့ဝေက လူငယ်နှင့်စာရိတ္တစသည့် ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင်ပါဝင် ဆွေးနွေးကြသည့်ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များပြသ ပေးခဲ့ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)