ကျိုက်လတ် ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကြက်တောင်ရိုက်အားကစားကွင်းတွင် ယမန်နေ့ ညနေ(၃)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ ဆောင်းရာသီအားကစားပွဲတော် တံခွန်စိုက်ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဌာန်ရွတ်ဆို၍ တာဝန်ရှိသူများကို အလေးပြုခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)ကျောင်းအုပ်ကြီးဒေါက်တာ အောင်ဟိန်းလတ်က အားကစားပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကြက်တောင်ရိုက်ဆပ်ကော်မတီမှ ဦးမောင်ဝင်းက ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲကို အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း ၈ သင်းက ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)ကျောင်းအုပ်ကြီး နှင့် ဆရာ၊ဆရာမများ၊ ကြက်တောင်ရိုက်ဆပ်ကော်မတီမှ ဦးမောင်ဝင်းနှင့် ကြက်တောင်အားကစားဝါသနာရှင်များက ပထမ ပွဲစဉ် စတင်ယှဉ်ပြိုင်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်