ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးအပ်ပွဲ ကျင်းပ

ဆင်ပေါင်ဝဲ     ဇန်နဝါရီ  ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက "ဘက်စုံပညာ တို့လှမ်းချီ" သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က ပညာရေးဆိုင်ရာများအား ဆွေးနွေးပြောကြားပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်ယဥ်ထွန်းက စုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက အုပ်စုအဆင့်/မြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ပြိုင်ပွဲဆုရရှိသော ကျောင်းသား၊ကျောင်းသူများနှင့် မြို့နယ်ဘက်စုံ လူရည်ချွန်ပြိုင်ပွဲတွင် ဆုရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား တစ်ဦးချင်း အလိုက်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တက်ရောက်လာသူများကို တေးသီချင်း အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ ဆင်ပေါင်ဝဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)