တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သရက်ချောင်းဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ

ထားဝယ် ဇန်နဝါရီ  ၂၁

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သရက်ချောင်းဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်တက်ရောက်လာကြသူများက ပညာရေး၊ကျန်းမာရေး၊ လူမှု ရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၊ နယ်မြေဒေသဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကြုံတွေ့နေရသော အခက်အခဲများအား ရှင်းလင်းတင်ပြရာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ရှင်းလင်းတင်ပြချက်များအပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ၌ သရက်ချောင်းမြို့နယ်သည် ထားဝယ်ခရိုင်တွင် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်လျက်ရှိပြီးယခုအခါတွင် အကြောင်းအမျိုးမျိုးကြောင့် အနည်းငယ်အားနည်းလာသည်ကို တွေ့ရကြောင်း၊ ကျန်းမာရေးအနေဖြင့် ကာကွယ်ဆေးထိုးမည့် ကိစ္စရပ်များ၊ ကျန်းမာရေးဝန် ဆောင်မှုပေးသည့်နေရာများတွင် အားနည်းနေသည်များရှိကြောင်း၊ ငါးနှစ်အောက်ကိုဗစ်ကာကွယ်ဆေးထိုးမည့်ကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးဝန်ဆောင်မှုပေးသည်ကိစ္စရပ်များသည် တိုင်းဒေသကြီးအတွက် အရေးကြီးပြီးနိုင်ငံတော်အတွက်လည်း အရေးကြီးကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကလေးကျန်းမာသန်စွမ်းစွာ မွေးဖွားလာပြီး ကြီးပြင်လာရန်အတွက်ကာကွယ်ဆေးထိုးရန်နှင့်မိခင်နှင့်ကလေးအားကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် သူနာပြုသားဖွားသင်တန်းများဖွင့်လှစ်ပေးနေပြီးဖြစ်ပြီး ကျေးရွာများတွင်သူနာပြုများဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒေသခံတိုင်းရင်းသား/သူများ ခန့်အပ်ဆောင်ရွက်ပေးထားသည်များရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် အရန်သွားဖွား(၆)လသင်တန်းများဖွင့်လှစ်ပေးလျက်ရှိပြီး ရရှိလာသည့် အကျိုးကျေးဇူးသည် များပြားလျက်ရှိကြောင်း၊  ပညာရေးအနေဖြင့် ကျောင်းများအားလုံးမဖွင့်နိုင်သည်ကို တွေ့ရသည့် အတွက်များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ ပညာရေး၊ ကျန်းမာရေးလျော့နည်းကျဆင်းလာပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှောင့်နှေးကြန့်ကြာလာနိုင်ကြောင်း၊ မိမိဒေသ၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယခုအခါသရက်ချောင်း နယ်မြေဒေသအတွင်း မလိုလား အပ်သောပြဿနာများ၊ မဖြစ်သင့်မဖြစ်ထိုက် သောကိစ္စရပ်များကြုံတွေ့လာရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်လိုအပ်ကြောင်း၊  အဓိကအရေးကြီးသည်မှာ တရားမျှတပြီး လွတ်လပ်သောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးဝန်ထမ်းတိုင်းတွင် တာဝန်ရှိသည်ဟု ခံယူရမှာ ဖြစ်ကြောင်း၊ အဓိကလုပ်ဆောင်ရမည့်အချက်(၂)ချက်ရှိပြီး ပန်းခင်း(၃)စီမံချက်ဖြင့်မှတ်ပုံတင် ပြုလုပ်ရန်နှင့်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးမှဦးဆောင်၍ ဝိုင်းဝန်းဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊စာရင်းစစ်၊ စာရင်းကောက်များတာဝန်ပေးအပ်နိုင်ရေးကိစ္စ၊ သန်းခေါင် စာရင်း ကောက်ယူသည့်အခါ အောင်မြင်အောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ သရက်ချောင်းဒေသအတွင်း ဆန်စပါးဖူလုံမှုသည်(၈၉%)ရှိပြီး ရာခိုင်နှုန်းကျော်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ သရက်ချောင်းမြို့၏ ရှေ့ဘက်နှင့်တောင်ဘက်တွင်ကွမ်းသီးခြံများစွာရှိပြီး ကွမ်းသီးဈေးကျဆင်းလာသောကြောင့် အခက်အခဲရှိကြောင်း၊ ကွမ်းသီးပင်များအကြားတွင် သီးညှပ် အနေဖြင့်ကိုကိုးပင်နှင့် ကော်ဖီပင်စိုက်ပျိုးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့်ညှိနှိုင်းပြီး လိုအပ်သောပျိုးပင်များကိုရရှိအောင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား လာရောက်တွေ့ဆုံပြီး အခက်အခဲတင်ပြချက်များကိုညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် အဆင်ပြေချောမွေ့သွားမည် ဖြစ်ပါကြောင်းအားပေးစကားပြောကြားပြီး ဆန်အိတ်များ ထောက် ပံ့ပေးအပ်ရာ တာဝန်ရှိသူများ လက်ခံရယူသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အရာထမ်းအမှုထမ်းများအားသီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အခြေခံစားသောက်ကုန်များပေးအပ်ကာ ဆေးရုံအတွင်းကုသမှုခံယူနေသော ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရဲစခန်းရှိတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား၊ သီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ အခြေခံစားသောက်ကုန်များ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ ပေးအပ်သည်။

အလားတူပင် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက  မိမိတို့ရုံးရှိ အရာထမ်းအမှုထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)