မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ် သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေး    ဇန်နဝါရီ    ၂၁

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊  ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မကွေးတက္ကသိုလ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အမျိုးသမီးရေးရာ/မိခင်နှင့်ကလေး အသင်းအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အဆင့်မြင့်နှင့် အခြေခံပညာဦးစီး ဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု ကူညီရေးအဖွဲ့အစည်းများ စုပေါင်း၍ မကွေးတက္ကသိုလ်အတွင်းရှိ မြက်၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ကိုင်း၊ သစ်ပင်များ ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်း အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်ရေးဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများအား စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ဝေငှပေးခဲ့သည်။

အလားတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စုစုပေါင်းအင်အား (၂၈၄၀)ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်အသီးသီးရှိ ဘုရားစေတီပုထိုးများ၊ ဌာနဆိုင်ရာရုံး အဆောက်အဦများ၊ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံးများ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများ ကျန်းမာရေးဆိုင်ရာ အထောက် အကူဖြစ်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အပတ်စဉ် (စနေနေ့တိုင်း) ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ