သာပေါင်း ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးမွေးတောင်သူများနှင့်တွေ့ဆုံ၍ ငါးမွေးမြူရန်လုပ်ကိုင်/လုပ်ပိုင်ခွင့်များအား တရားဝင်ရရှိစေရေးအတွက် ဥပဒေ၊လုပ်ထုံးလုပ်နည်းများအား ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးသိမ်းမှ ငါးမွေးမြူခြင်းဆိုင်ရာအသိပညာ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိရာဦးဟိန်းမြတ်သူက မြေအသုံးချမှုဆိုင်ရာ ဥပဒေ၊လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ငါးမွေးတောင်သူ(၃၂)ဦးတို့က ငါးမွေးကန်များ လုပ်ကိုင်ခွင့်၊ပိုင်ဆိုင်ခွင့် ရရှိစေရေးဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ငါးမွေးမြူရေးအတွက် သိရှိလိုသည်များ မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း