ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆေးကုသရေးအဖွဲ့ ဝေါမြို့နယ်ပြည်သူ့ ဆေးရုံသို့ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

ဝေါ  ဇန်နဝါရီ  ၂၁

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျသော ဆေးကုသမှုစရိတ်လျော့နည်း ကျဆင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အထူးကုသမှုများ Specialty လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ကုသမှုများရရှိနိုင်စေရေးရည်ရွယ်ကာ ကွင်းဆင်းဆေးကုသမှုများ ဝေါမြို့နယ်ပြည်သူ့ဆေးရုံ၌ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး ပဲခူးမြို့မှ အထူးကုဆရာဝန်ကြီးများ နယ်လှည့် ကွင်းဆင်းဆေးကုသပေးခြင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့က ဆောင်ရွက်ပေးသည်။

ထိုသို့ ဆေးကုသပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး ဆေးရုံကြီးမှ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ ဦးဆောင်သော သမားတော် (အထွေထွေ)၊ ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွားနှင့်မီးယပ်အထူးကု ဆရာဝန်၊ ကလေးအထူးကု ဆရာဝန်၊ သွားဘက် ဆိုင်ရာဆရာဝန်၊ (နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်)၊ ကင်ဆာ၊ အရေပြား၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ၊ မျက်စိကုသရေးအဖွဲ့၊ အရိုးအကြောအဆစ်ပြန်လည် သန်စွမ်းရေးအဖွဲ့များမှ အထူးကု/အထူးကု ဆရာဝန်ကြီးများနှင့် အခြားသော ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့သည် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ကျန်းမာရေးဆိုင်ရာ ကွင်းဆင်းဆေး ကုသမှုများဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အထူးကုဆေးကုသရေး အစီအစဥ်တွင် ဝေါမြို့နယ်အတွင်းရှိ အခြားသောကျေးရွာ များမှလည်းလာရောက်ပြသနိုင်ရန်အတွက် ကျေးရွာအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆေးရုံ၊ကျန်းမာရေးဌာနများမှ တစ်ဆင့် ပြည်သူလူထုကိုအသိပေးကာ ပြသရန်လိုအပ်မည့်လူ နာများကို ကြိုတင်ကွင်းဆင်းရှာဖွေခြင်းများစနစ်တကျဆောင်ရွက်ခဲ့သည်။

အထူးကုဆေးကုသရေး ခရီစဥ်အတွင်း အထွေထွေလူနာ (၄၅၀)ဦး၊ ခွဲစိတ်ကုပညာလူနာ(၆၅)ဦး၊ ကလေးဆေးပညာ(၃၁)ဦး၊ သားဖွား/မီးယပ်(၂၂)ဦး၊အရိုး (၁၁၆)ဦး၊ မျက်စိလူနာ (၂၆၃)ဦး၊ နား/ နှာခေါင်းလည် ချောင်းလူနာ (၉၀)ဦးအကြောအဆစ်လူနာ(၇၇)ဦး၊ အရေပြားလူနာ (၆၆)ဦး၊ စိတ်ကျန်းမာရေး လူနာ(၁၀)ဦးနှင့်သွားရောဂါ လာရောက်ပြသသူ(၄၉)ဦး ၊ လူနာစုစုပေါင်း (၈၀၀)ဦး၊ အထူးကုဘာသာရပ် အလိုက်လူနာစုစုပေါင်း(၁၂၃၉)ဦးတို့အား ကြည့်ရှုကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

အောင်မြတ်လင်း (ပြန်/ဆက် )