ကန့်ဘလူမြို့နယ်အတွင်း မိုးစပါး ၁၅၁၁၁၀ ဧက ပြန်လည်ရိတ်သိမ်းပြီးစီး

ကန့်ဘလူ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးစိုက်ပျိုးမှု တိုးတက်စေရေးနှင့်စားနပ်ရိက္ခာဖူလုံစေရေးတို့အတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ၂၀၂၃- ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ၁၅၁၁၁၀ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ပြန်လည် ရိတ်သိမ်းပြီးစီးပြီး တင်းပေါင်း ၁၀၅၉၉၉၆၉ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စပါးထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အရည်အသွေး ကောင်းမျိုးများ၊ အထွက်ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးသွားနိုင်ရန် မြို့နယ်စိုက်တိုးမြင့်အဖွဲ့များ၊ ဆက်စပ်ဌာနများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင်များက ဒေသခံတောင်သူ လယ်သမားများနှင့်ပူးပေါင်းဆောင်ရွက်၍ တောင်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း မိုးစပါးများကို ယမန်နှစ် ဇွန်၊ဇူလိုင်လက စတင်စိုက်ပျိုးခဲ့ပြီး စက်တင်ဘာ၊ အောက်တိုဘာ၌ မိုးစပါး ၁၅၁၁၁၀ ဧကစိုက်ပျိုးနိုင်ခဲ့ကာ ယခုအခါ ရာနှုန်းပြည့်ပြန် လည်ရိတ်သိမ်းပြီးစီး၍ တစ်ဧကပျမ်းမျှ ၇၀ ဒသမ ၁၅ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးမျိုးဇော်ထံမှ သိရသည်။

ဒေသခံတောင်သူများသည် မိုးစပါးမျိုးများဖြစ်သည့် ဧရာမင်း၊ ပေါ်ဆန်းရင်၊ ရွှေသွယ်ရင်၊ မနောသုခနှင့်ဆင်းသုခမျိုးများကို စိုက်ပျိုးကြပြီး ဒေသခံပြည်သူ အများဆုံးကြိုက်နှစ်သက်သည့် ဧရာမင်းနှင့်စျေးကွက်ကောင်းမွန်သည့် ပေါ်ဆန်းစပါးများကို အများဆုံးစိုက်ပျိုးကြကြောင်းနှင့် ကန့်ဘလူမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ ၁၄၀၅၁၄ ဧကလျာထားစိုက်ပျိုးခဲ့ရာတွင် ၁၅၁၁၁၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ၁၀၅၉၆ ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)