သာယာဝတီမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်များဖြင့်စိုက်ပျိုးနိုင်ရန် ပျိုးထောင်နည်း စနစ်များ လက်တွေ့သရုပ်ပြသ

သာယာဝတီ        ဇန်နဝါရီ  ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက် များဖြင့် စိုက်ပျိုးနိုင်ရန် ပျိုးထောင်နည်းစနစ်များ လက်တွေ့သရုပ်ပြသခြင်းကို  ယမန်နေ့နံနက် ၁၀ နာရီက သင်တောရိုးကျေးရွာကွင်းအမှတ် (၁၂၅၁) ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် လယ်မြေ(၅)ဧက အတွင်း လက်တွေ့ရှင်းလင်းပြသခဲ့သည်။

လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရန် ပျိုးထောင်နည်းစနစ်များ အားတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိရာ လက်ဆွဲကောက်စိုက်စက်များဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးနှင့် ပျိုးထောင်နည်းစနစ်များ သိရှိစေရန်အတွက် စက်မှုလယ်ယာဦးစီးဌာန ၊ သာယာဝတီမြို့မှ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများမှ စက်ပိုင်တောင်သူများနှင့် စိတ်ပါဝင်စား သူတောင်သူများအား စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်သူမှ လက်ဆွဲ ကောက်စိုက်စက်နှင့်ပတ်သက်သည့် အချက်အလက်များ၊ ပျိုးထောင်ရာတွင် ဆားရည်စိမ်ခြင်း၏ ကောင်းကျိုးများ၊ ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်းများ၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးပင်များလှီးဖြတ်ခြင်းများနှင့်လက်ဆွဲကောက်စိုက်ဖြင့် လက်တွေ့စိုက်ပျိုးပြသခြင်းများစသည့် ပျိုးထောင်ခြင်းမှစ၍စိုက်ပျိုးသည်အထိ လက်တွေ့ရှင်းလင်းပြသခဲ့သည်။ 

အဆိုပါလက်တွေ့ ရှင်းလင်းပြသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ရေးအဖွဲ့များ၊ လက်ဆွဲကောက်စိုက်စက်ဝယ်ယူအသုံးပြုမည့် တောင်သူများနှင့် စိတ်ပါဝင်စားသူတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)