ဘိုကလေးမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

ဘိုကလေး ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ပေချောင်း ကျေးရွာတွင် ယမန်နေ့နံနက်(၉)နာရီ (၅၅)မိနစ် အချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းနေမှုအား မြို့နယ်မီးသတ်ဦးစီးဌာနသို့ တာဝန်သိပြည်သူတစ်ဦး၏ ဆက်သွယ်သတင်းပေးပို့မှုအရ ဘိုကလေးမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက်(၁၀)နာရီ (၁၅)မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ပိုင်ရှင်ဦးဖြိုးမောင်မောင်(ဘ)ဦးလှသောင်း၏ (၁၅)ပေပတ်လည် ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းနေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ အနီးရှိ ထရံသို့ စတင်ကူးစက် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၁၅)ပေပတ်လည် ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းနေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု (၃)စုမှ ကျား(၅)ဦး၊ မ(၆)ဦး၊ စုစုပေါင်း မီးဘေးသင့်ဦးရေ (၁၁)ဦးအား နီးစပ်ရာဆွေမျိုးများ၏နေအိမ်များတွင် တာဝန်ရှိသူများမှ ခေတ္တနေရာချထားခဲ့ပြီး မီးလောင်မှုကြောင့် လူ၊ တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း၊ မီးဘေးပေါ့ဆသူ ဦးဖြိုးမောင်မောင်အား ဘိုကလေးမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

မိုးစက်(ဘိုကလေး)