ဘားအံ ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်အတွင်း ဒေသအလိုက် အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ လူတစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့်ခန္ဓာ ကိုယ်ကြံ့ခိုင်ရေးမှသည် ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်စေရေးအတွက် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်းရှေ့တွင်စုရပ်ပြုလုပ်၍ စဉ်ဆက်မပြတ်အားကစားလှုပ်ရှားမှုအနေဖြင့် ဇန်နဝါရီလလူထု စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများ အထူးများပြားခဲ့သည်။
ဇန်နဝါရီလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများနှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၁၅၀၀ ကျော်ခန့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး စုရပ်ဖြစ်သည့် သီရိကွင်းရှေ့မှ သီရိလမ်း၊ ဆေးရုံလမ်း၊ ကျော်ဇေယျလမ်း၊ မာန်းနဲစန်လမ်း၊ အထက(၄)ကျောင်းလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း သီရိကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်စုပေါင်းလမ်းလျှောက်ခဲ့ကြကာ သီရိကွင်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ (၆)ပေအကွာ အနေအထားဖြင့် အကြောလျှော့လေ့ကျင့်ခန်းများဆောင်ရွက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁) နှင့် အမှတ်(၂) တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
စဉ်ဆက်မပြတ်အားကစားလှုပ်ရှားမှု လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့် ခန်းပါဝင်ဆောင်ရွက်သူများအား အကောက်ခွန်ဦးစီးဌာန၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တို့ပူးပေါင်း၍ ကောက်ညှင်းပေါင်း၊ အကြော်စုံတို့ဖြင့် နံနက်စာကို တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)