ပွင့်ဖြူမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား စနူကာပြိုင်ပွဲ ဆုရရှိသူများကို ဂုဏ်ပြုဆုချီးမြှင့်

ပွင့်ဖြူ     ဇန်နဝါရီ     ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌ ဖလား အမျိုးသား စနူကာပြိုင်ပွဲတွင် (ပထမ ၊ ဒုတိယ ၊ တတိယ) ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြတ်ခိုင်က အမျိုးသား စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဝါသနာရှင် လူငယ်မောင်မယ်များကို ဂုဏ်ပြုချီးကျူးစကား ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က လူငယ်မောင် မယ်များအနေဖြင့် အားလပ်ချိန်၌ အချိန်ကို အကျိုးရှိစွာအသုံးချပြီး ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးနှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် မိမိတို့နှစ်သက်ရာ အားကစားနည်းများကို လေ့ကျင့်ပြုလုပ်စေလိုကြောင်းနှင့်လိုအပ်သည်များကို မိမိအနေဖြင့်ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက အမျိုးသား စနူကာပြိုင်ပွဲတွင် (ပထမ ၊ ဒုတိယ ၊ တတိယ)ဆုရရှိသူများကို ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အမျိုးသား စနူကာပြိုင်ပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲသို့ မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စနူကာအားကစားဝါသနာရှင် အမျိုးသား(၁၆)ဦးက အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )